မွေးမြူရမယ့် စိတ်ကောင်းစိတ်မြတ်
ဘယ်ပြိုင်ပွဲမဆို ပြိုင်ဘက်ကို အထင်သေးခြင်း၊ ကြီးခြင်းက ရှုံးနိမ့်ဖို့ကို ဖြစ်စေနိုင်ပါတယ်။
အထင်သေးတော့ ပေါ့မိမယ်။ ကိုယ့်အားနည်းချက် ကိုယ်မမြင်တော့ဘူး။
အထင်ကြီးတော့လည်း စိုးရိမ်စိတ် ဝင်မယ်။ မပြိုင်ခင်က ရှုံးနှင့်မယ်။
စစ်တပ်နဲ့ ပတ်သက်ရင်တော့ အထင်ကြီးဖို့ထက်စာရင် အထင်သေးစိတ် ဝင်တာက ပိုများပါတယ်။ ခြင်းကျားတပ် ဘာညာ စသဖြင့်ပေါ့။ သို့သော် လက်နက်အင်အားလို သူတို့ အားသာတဲ့နေရာတွေလည်း ရှိပါတယ်။ ဒါကိုလည်း အရှိအတိုင်း လက်ခံထားဖို့ လိုတယ်။
ပြောချင်တာက သတင်းစီးဆင်းမှု၊ မျှဝေမှုပါ။ ကိုယ်ရယူတဲ့ သတင်းတွေကနေတစ်ဆင့် ထင်မြင်မှု ဆိုတာ ဖြစ်လာတာကိုး။
ရှုံးနိမ့်တဲ့သတင်းချည်း ကြားနေရရင်လည်း စိတ်အားလျော့လာမယ်။ နိုင်တဲ့သတင်းချည်းပဲ ကြားနေရရင်လည်း ဘယ်နေရာ ဘာလိုတယ်၊ ဘာကူပေးရမယ် စသဖြင့် မသိနိုင်တော့ဘူး။ ဖြစ်နိုင်သမျှတော့ မြေပြင်အနေအထားတွေ သိအောင် လုပ်နိုင်ရင် အကောင်းဆုံးပဲ။
ဒီအတွက် အကြံပေးချင်တာကတော့
◾ပို့တစ်ခုခုကို မရှယ်ခင် ယုံကြည်ရရဲ့လား၊ သေချာရဲ့လား ဆိုတာ အရင်ဆန်းစစ်ပါ။ အထူးသဖြင့် လူကြီးပိုင်းတွေပါ။ ကျနော်တို့ ရယ်နေ ဟားနေကြတဲ့ ဖိုတိုရှော့ ပုံတွေက သူတို့အတွက်တော့ အတည်တွေ ဖြစ်နေတာပါ။ ဒါကြောင့် လူကြီးတွေကို တတ်နိုင်သလောက် ရှင်းပြ၊ ပြောပြပါ။
◾စိတ်ချရတဲ့ ပေ့ချ်တွေက တင်တာကိုပဲ အဓိကထား စောင့်ဖတ်ပါ။
◾သတင်းကောင်းချည်းပဲ အမြဲကြားနေရမယ် မျှော်လင့်မထားပါနဲ့။ မြေပြင်က အခက်အခဲတွေ ကြားရရင်လည်း စိတ်ဓါတ်ကျမသွားအောင် ကြိုးစားပါ။ လိုတာ ကူမယ် ဆိုတဲ့ ရှုထောင့်ကနေပဲ တွေးပါ။
◾အင်တာနက် ပြတ်သွားတာမျိုးများ ဖြစ်လာခဲ့ရင် သတင်းတွေ ဘယ်လိုမျှဝေရယူကြမယ် ဆိုတာလည်း ပြင်ထားတာ မမှားပါဘူး။ (ဥပမာ ရေဒီယို၊ ဖုန်းဘေလ်တွေ ဖြည့်ထားဖို့)
သတင်းမှား တမင်တင်တဲ့သူတွေ၊ ထစ်ခနဲဆို ကောက်ကောက်တင်လေ့ရှိတဲ့သူတွေကိုတော့ ထည့်မပြောတော့ပါဘူး။ သတင်းစားသုံးသူတွေသာ ဒီအချက်လေးတွေ ဂရုစိုက်ပေးကြပါ။
ဒီအရေးပေါ်ကာလမှာ ဖြစ်ပျက်နေသမျှကို အရှိတရားနဲ့ နီးနိုင်သမျှ နီးအောင် မြင်နိုင်ရင်၊ ကိုယ့်စိတ်ကိုလည်း အလယ်အလတ်နားလောက်မှာ ထားနိုင်ရင်၊ ရန်သူကိုရော ကိုယ့်ကိုယ်ကိုယ်ပါ အထင်သေးခြင်း၊ ကြီးခြင်း အစွန်းတွေ ရှောင်နိုင်ရင် အကောင်းဆုံးပါပဲ။
မူရင်း -
https://www.facebook.com/100000000679211/posts/4823417321001576/
Comments
Post a Comment