တော်လှန်ရေးသမိုင်းတခု
မန္တလေးအပါအ၀င် တနိုင်ငံလုံးနီးပါးကို တော်လှန်ရေးသမားတွေက သိမ်းပိုက်ထိန်းချုပ်နိုင်ပြီး အစိုးရရုံးစိုက်ရာအုပ်ချုပ်ရေးမြို့တော်ကိုပါ သိမ်းခါနီး ဝိုင်းထားနိုင်တဲ့အထိ ဖြစ်ခဲ့ဖူးပါတယ်။ မြန်မာနိုင်ငံလွတ်လပ်ရေးကာလ ၁၉၄၇-၄၈-၄၉-၅၀ သုံးနှစ်ကျော်တိုင် ပြည်တွင်းစစ်အစကာလကပါ။ ရန်ကုန်မြို့နဲ့ ဆယ်မိုင်သာ ကွာတဲ့ အင်းစိန်မှာလည်း ကရင်တွေ အခိုင်အမာတပ်စွဲထားပြီဖြစ်တယ်။ အဲဒီ့တုန်းက အုပ်ချုပ်ရေးမြို့တော်ဖြစ်တဲ့ ရန်ကုန်သာ ဖဆပလလက်ထဲကျန်တော့တာမို့ နိုင်ငံတကာမီဒီယာတွေက "ရန်ကုန်အစိုးရ"လို့ ခေါ်ခဲ့ကြပါတယ်။
၁၉၄၈ စက်တင်ဘာ ၂ရက် လွှတ်တော်မိန့်ခွန်းမှာ ၀န်ကြီးချုပ်ဦးနုက- လက်ရှိလောင်နေတဲ့စစ်မီးကြီးနဲ့ယှဉ်ရင် ဆရာစံပုန်ကန်မှုက child's playပဲ လို့ပြောခဲ့ပါတယ်။ (၁၉၃၁က ဗြိတိသျှအစိုးရကို ဆန့်ကျင်တော်လှန်တဲ့ ဆရာစံဦးဆောင်တဲ့ တောင်သူလယ်သမားအရေးတော်ပုံ။) နောက်တခါမှာလည်း ဦးနုက- လက်ရှိပုန်ကန်မှုဟာ ဆရာစံပုန်ကန်မှုထက် အဆ(၃၀) ပိုဆိုးတယ် လို့ပြောခဲ့ပါတယ်။
အဲဒီ့အချိန်မှာ ကရင် KNU/KNDO၊ အလံဖြူကွန်မြူနစ်၊ အလံနီကွန်မြူနစ် အစရှိသဖြင့် တော်လှန်ရေး ခွဲထွက်ရေး အဖွဲ့တွေအများအပြားက ဖဆပလအစိုးရကိုဆန့်ကျင်တော်လှန်ကြတယ်။ အစိုးရတပ်က သေနတ်ကိုင်တပ်ရင်းတွေလည်း တပ်ရင်းလိုက် အစိုးရတပ်ကိုစွန့်ခွာပြီး တော်လှန်ရေးသမားတွေနဲ့ ပူးပေါင်းကြပါတယ်။ တော်လှန်ရေးအင်အားစုတွေဖက်က အင်မတန်မှကို အားကောင်း အားသာနေခဲ့တဲ့ အခြေအနေလည်းဖြစ်တယ်။
အဲဒီ့အချိန်မှာ အစိုးရလုပ်နေတဲ့ ဖဆပလဟာ ဂျုံးဂျုံးကျ မွဲနေပြီ။ အခွန်အကောက်တွေလည်း ကောက်လို့မရဘူး။ နိုင်ငံ့နေရာအများအပြားက အစိုးရဘဏ္ဍာတိုက်တွေကိုလည်း တော်လှန်ရေးသမားတွေက ယူသွားကြပြီ။ အစိုးရ၀န်ထမ်းတွေကို လစာ ပေးစရာ မလောက်ငှဘူး။ လစာ တ၀က်လျှော့ပေးတဲ့အခါ အစိုးရ၀န်ထမ်းတွေက ဆန္ဒပြကြတယ်။ အစိုးရအဖွဲ့က ၀န်ကြီးတွေနှုတ်ထွက်ကြပြီး အဖွဲ့သေးသေးကျစ်ကျစ်လေး ပြန်ဖွဲ့တယ်။ အဲဒီ့လိုသာ အစိုးရအဖွဲ့ဆိုပြီး ဖွဲ့နေတာ ထိန်းချုပ်နယ်မြေအများအပြားကတော့ တော်လှန်ရေးသမားတွေလက်ထဲမှာ ရောက်နေပြီဖြစ်တယ်။ အစိုးရတပ်ကလည်း ထွက်ခွာသူတွေ ပြန်ပုန်ကန်သူတွေနဲ့ ချိနဲ့နေပြီ။
အဲဒီ့အချိန်က လူထုအများစုကရော ဖဆပလအစိုးရအဖွဲ့၀င်တချို့ကရော နိုင်မယ့်ဘက်မှာနေဖို့ အသင့်ဖြစ်နေကြတယ်လို့ ဦးနုက ၁၉၅၅ခုနှစ် ဝါရှင်တန်သတင်းမီဒီယာကလပ်အသင်းရောက်ချိန် မိန့်ခွန်းမှာ ထည့်ပြောခဲ့တယ်။
နောက်တော့ တော်လှန်ရေးသမားတွေ ပြန်အရေးနိမ့်သွားရပြီး ဖဆပလအစိုးရက ပြန်အသာစီးရသွားခဲ့တယ်။ ဘာကြောင့် အဲဒီ့လိုဖြစ်ရတာလဲ။ အားသာချက် အားနည်းချက် သင်ခန်းစာယူ ပြင်ဆင်စရာတွေက ဘာတွေလဲ။
▪️တဖက်မှာ ဖဆပလက
🔸ဓနသဟာရနိုင်ငံတွေရဲ့ moral support ရတဲ့အပြင် တော်လှန်ရေးမှာမပါတဲ့ တောင်တန်းဒေသလူမျိုးစုအဖွဲ့အများစုရဲ့ ထောက်ပံ့မှုကိုလည်း ရတယ်။
🔸ဖဆပလအစိုးရအပေါ် လူထုယုံကြည်မှုပြန်ရဖို့အတွက် ကက်ဘိနက်တဖွဲ့လုံးကို ပါတီစွဲမရှိတဲ့ ပါတီ၀င်မဟုတ်တဲ့ တသီးပုဂ္ဂလလွတ်လပ်သူတွေချည်းနဲ့ပဲ ပြန်ဖွဲ့စည်းတယ်။
🔸စစ်လက်နက်နည်းပညာဖွံ့ဖြိုးပြီးနိုင်ငံတွေဖြစ်တဲ့ အိန္ဒိယနဲ့ဗြိတိန်ဆီက လက်နက်တွေနဲ့ခဲယမ်းမီးကျောက်တွေ ထောက်ပံ့မှု ရသွားတယ်။ အဲဒါကြောင့်ပဲ တနိုင်ငံလုံးမှာ တန်ပြန်ထိုးစစ် အကြီးအကျယ်လုပ်နိုင်ခဲ့ပြီး တော်လှန်ရေးအဖွဲ့တွေရဲ့အမာခံနယ်မြေတွေကို ဖဆပလက ပြန်သိမ်းပိုက်သွားနိုင်ခဲ့တယ်။
▪️တဖက်မှာ တော်လှန်ရေးအင်အားစုတွေဖက်က အင်အားအသာစီးရနေပြီး တနိုင်ငံလုံးနီးပါးကို သိမ်းပိုက်ထားနိုင်ပေမဲ့ ရှုံးသွားရခြင်းအကြောင်းရင်း အားနည်းချက်က-
🔸အဲဒီ့အချိန်က တော်လှန်ရေးအင်အားစုတွေဖက်မှာ
"ဘုံရန်သူကို အရင်တိုက်၊ ကျန်တာ နောက်မှရှင်း" ဆိုပြီး ဖဆပလကိုဖြုတ်ချဖို့ဆန္ဒကလွဲရင် ဘုံအကျိုးစီးပွားမရှိဘူး။
🔸တော်လှန်ရေးအင်အားစုတွေကြားမှာ ပန်းတိုင်တွေ၊ ရည်ရွယ်ချက်တွေ၊ လုပ်ဆောင်ချက်အစီအစဉ်တွေလည်း မညီကြဘူး။
🔸လှုပ်ရှားထိန်းချုပ်ရာနေရာတွေမှာ တော်လှန်ရေးသမားတချို့က ခြိမ်းခြောက်ငွေတောင်းတာ၊ စွပ်စွဲခံရသူတွေကို တရားရေးအရအမှုစစ်ဆေးမှုမရှိဘဲ သတ်ဖြတ်တာ၊ အကြမ်းဖက်တာ... အစရှိတဲ့လုပ်ရပ်တွေ ကျူးလွန်ခဲ့တာကြောင့် ဒေသခံပြည်သူတွေရဲ့ယုံကြည်မှု ဆုံးရှုံးခဲ့ရတယ်။
-
အခုအချိန်မှာ ဖက်ဆစ်တပ်စစ်ကောင်စီဟာ တရုတ်၊ ရုရှား၊ အိန္ဒိယနဲ့ နိုင်ငံအချို့က စစ်လက်နက်တွေ ရှိတာကလွဲရင် ကျန်တာ ဘာမှမရှိပါဘူး။ (မတူတာက- ဖဆပလဟာ ရွေးကောက်ပွဲနဲ့တက်လာတာ ဖြစ်ပြီး စစ်ကောင်စီက အာဏာလုတက်တာ ဖြစ်တယ်။)
တော်လှန်ရေးအင်အားစုတွေဖက်ကတော့ အားနည်းချက်တွေကို ပြင်ဆင်ပြောင်းလဲနိုင်ပြီး အသစ်ဖန်တီးနိုင်ရင် အားသာမှာဖြစ်ပါတယ်။
|||
ငြိမ်းငြိမ်းပြည့်
အောက်တိုဘာ ၂၄၊ ၂၀၂၁
မူရင်း -
https://m.facebook.com/story.php?story_fbid=10220067799993656&id=1484171312
Comments
Post a Comment