အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုဝင်ဘာ ၂၀၂၁
အတိုင်ပင်ခံ၏ သက်တော်စောင့် အဖွဲ့ ခေါင်းဆောင် ဖမ်းဆီးခံရပြီးနောက် မိသားစုနှင့် အဆက်အသွယ်ပြတ်နေ
11 Nov 2021 By MPA
နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၏ သက်တော်စောင့်အဖွဲ့ ခေါင်းဆောင် ရဲအုပ်ပြည့်ဖြိုးနိုင်သည် ဖမ်းဆီးထိန်းသိမ်းခံရပြီး လက်ရှိအချိန်တွင် မိသားစု၊မိတ်ဆွေအပေါင်းအသင်းများနှင့်ပါ အဆက်အသွယ် မရရှိဖြစ်နေကြောင်းကို ၄င်း၏ မိသားစု၀င်များထံမှ သိရသည်။
ဖေဖော်ဝါရီလ ၁ ရက်နေ့ နံနက်အစောပိုင်းတွင် စစ်တပ်က အာဏာသိမ်းချိန်တွင် ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်က ဖမ်းဆီးခဲ့သော်လည်း သက်တော်စောင့်များကိုတော့ နေပြည်တော်က ဝန်ထမ်းလိုင်းခန်းများတွင် စောင့်ကြည့်ကာ စက်တင်ဘာလ ၂၁ ရက်နေ့က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
ယင်းနေ့တွင် ဒေါ်အောင်ဆန်းစုကြည်သက်တော်စောင့်တာဝန်ယူခဲ့သည့် ဒုရဲအုပ်ချယ်ရီထက်နှင့် အဖွဲ့ခေါင်းဆောင် ရဲအုပ်ပြည့်ဖြိုးနိုင်တို့ နှစ်ဦးအား စစ်တပ်မှ တပြိုင်တည်း အဖမ်းခံခဲ့ရခြင်းဖြစ်ကြောင်း ယင်းတို့၏ နီးစပ်သူတစ်ဦးက ပြောသည်။
“အရင်ကတော့ ရဲတပ်ရင်းလိုင်းခန်းမှာပဲ ဘာမှမလုပ်ဘဲ အကျယ်ချုပ်လိုနေခိုင်းထားတာ။ စပြီး ဖမ်းခံရတဲ့အချိန်ကစလို့ ဘယ်ရောက်နေတယ် ဘယ်လိုဖြစ်နေတယ်။နေကောင်းလား ကျန်းမာလားဆိုတာအထိ ဘာသတင်းမှမသိရတော့ဘူး ” ဟု ၄င်းကဆိုသည်။
အဖွဲ့ခေါင်းဆောင် ရဲအုပ်ပြည့်ဖြိုးနိုင်သည် ဖေဖော်ဝါရီလ ၁ ရက်နေ့ နံနက်အစောပိုင်းတွင် နိုင်ငံတော်အတိုင်ပင်ခံ၏နေအိမ်သို့ လာရောက်သည့် စစ်သားများကို၀င်ရောက်ရန်အတွက် ဂိတ်တံခါးမဖွင့်ပေးသည့်အတွက် စစ်သားများက အုတ်တံတိုင်းဖြိုဖျက်ကာ အတင်း၀င်ရောက်ခဲ့သည့် အဖြစ်အပျက်များလည်းရှိခဲ့ကြောင်း နီးစပ်သူများ၏ ပြောပြချက်အရသိရသည်။
“ အာဏာသိမ်းတဲ့ အချိန်မှာ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အပေါ်စစ်တပ်က ဘယ်လိုတွေပြောဆိုတယ်။ ဘာတွေလုပ်ခဲ့လဲဆိုတာကို အစအဆုံးသေချာသိတာကတော့ သက်တော်စောင့် အဖွဲ့ခေါင်းဆောင် ရဲအုပ်ပြည့်ဖြိုးနိုင်ပဲ ချယ်ရီထက်နဲ့အတူအဖမ်းခံရပြီးကတည်းက သူ့သတင်းအစအနကပျောက်သွားတယ်။ မိသားစု၀င်တွေကတော့ တော်တော်စိတ်ပူနေကြတယ်။ “ ဟု ယင်းတို့နှင့်နီးစပ်သည့် ရဲတပ်ဖွဲ့၀င်တစ်ဦးက မှတ်ချက်ပြုပြောဆိုခဲ့သည်။
မြန်မာနိုင်ငံကို အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)တွင် ဂမ်ဘီယာနိုင်ငံက တရားစွဲဆိုထားခြင်းကို နယ်သာလန်နိုင်ငံ The Hague မြို့ကိုသွားရောက်ရင်ဆိုင်သည့်ခရီးစဥ်တွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူလိုက်ပါခဲ့ကြောင်းသိရသည်။
ဒေါ်အောင်ဆန်းစုကြည်၏ အနီးကပ်လုံခြုံရေးများတွင် ငယ်ရွယ်ပြီး ရုပ်ရည်ပြေပြစ်သည့် ဒုရဲအုပ်ချယ်ရီထက်သည် ဒေါ်အောင်ဆန်းစုကြည်၏ ပြည်တွင်း၊ ပြည်ပခရီးစဉ်များတွင် အမြဲလိုလိုတွေ့ရပြီး ရဲအုပ်ပြည့်ဖြိုးနိုင်မှာ လူသိနည်းသူတစ်ဦးဖြစ်သည်။
အကြမ်းဖက်စစ်ကောင်စီ၏ မြန်မာနိုင်ငံရဲတပ်ဖွဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေးဌာနကအသက် ၃၀ အရွယ်ရှိပြီဖြစ်သည့် ဒုရဲအုပ် ချယ်ရီထက်ကို ရာဇသတ်ကြီးဥပေဒပုဒ်မ ၅၀၅ (က)ဖြင့် အမှုဖွင့်ထားကြောာင်း စက်တင်ဘာ ၂၆ ရက်နေ့က ထုတ်ပြန်ထားသည်။
#နိုင်ငံတော်အတိုင်ပင်ခံ #သက်တော်စောင့် #ခေါင်းဆောင် #ရဲအုပ်ပြည့်ဖြိုးနိုင် #ဖမ်းဆီးခံရ #MPA
( Photo - နယ်သာလန်နိုင်ငံ The Hagueရှိ ICJ တရားရုံးတွင် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၏နောက်ဖက်တွင်ဘယ်ဖက်အစွန်တွင်ရပ်နေသည့် ရဲအုပ်ပြည့်ဖြိုးနိုင် )
Website Link - https://wp.me/p9beg2-1zy
Telegram Link - https://t.me/MPANews
Twitter Link - https://twitter.com/mmpressphoto
Comments
Post a Comment