တော်လှန်ရေးအတွင်းက ဘဝများ
အသေကြပ်အနေခက် ခေတ်ဆိုးထဲ အခြေခံအလုပ်သမ/ အ်ိမ်ထောင်ရှင်မတွေ ရှင်သန်ရေးအတွက် ဘယ်လိုရုန်းကန်နေကြလဲ။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် နေ့ စစ်အာဏာသိမ်းပြီး မှာ လူထုကြီးဟာ သိန်းနဲ့ချီလမ်းပေါ်ထွက်လာပြီး စစ်အာဏာဆန့်ကျင်ရေးကို တညီတညွတ်ထဲ ပါဝင်လှုပ်ရှားခဲ့ကြတယ်။ အဲဒီလူအုပ်ကြီးထဲ မှာ ရန်ကုန်မြို့ မန္တလေးမြို့စတဲ့ မြို့ကြီးတွေက ပြည်တွင်းရွေ့ပြောင်း အခြေခံ အလုပ်သမားထုကြီးဟာ တပ်ဦးနေရာကနေရွပ်ရွပ်ချွံချွံပါဝင်ခဲ့ကြတယ်။ အဲဒီ အလုပ်သမားထုကြီးထဲမှာ အမျိူးသမီးလုပ်သား အများစုပါဝင်ပါတယ်။ ကိုယ့်ထမင်းချိူင့်ကိုယ်ဆွဲ ကားမရရင် လမ်းလျှောက်ပြန်တဲ့အထိကို ဇွဲနဘဲ နဲ့ပါဝင်ခဲ့ကြတယ်။
ခုထိလဲ လက်နက်ကိုင်တော်လှန်ရေးမှာရော မြို့ပေါ်က ပြောက်ကြားတော်လှန်ရေးတွေမှာ လဲ ပါဝင်နေကြဆဲဖြစ်တယ်။ ဒါပေမယ့် ရေရှည်ပါဝင်ဖို့ တောင့်ခံ ထားဖို့ တော့ အခက်အခဲပေါင်းများစွာ ကို ရင်ဆိုင်နေကြရတယ်။ အလုပ်သမားအများစု ဘာကြောင့်ပါဝင်သလဲ မေးရင် စစ်အာဏာသိမ်းတာကို မခံမရပ်နိုင်လို့၊ မိမိတို့မဲပေးရွေးထားတဲ့ အစိုးရကို ဖြုတ်ချတာမခံနိုင်လို့စတဲ့ အဖြေတွေပေးကြတာများပါတယ်။ သူတို့ ဘဝတွေ တိုးတက်ပြောင်းလဲလာဖို့ ဆိုတာမျိူးကို သိပ်မဖြေကြဘူး။ ကိုယ်ကျိူးစီးပွားကို ထည့်မပြောကြဘူး ဆိုတာသတိပြုမိတယ်။ ငါတို့ ဆင်းရဲနေတာ ငါတို့ နဲ့ပဲ ဆိုင်တယ် ဆိုတာမျိုး ခံယူထားကြတာများတယ်။ ဆန္ဒပြပွဲတွေမှာ သူတို့ရဲ့ အပြင်အဆင်ကြောင့် ၅၀၀၀ စားတွေ လို့ အနှိမ်ခံ ခဲ့ရသလို၊ အန်ဂျီအို တခု က ဖိတ်ခေါ်လို့ အင်အားဖြည့်တင်းတဲ့ အခါမှာလဲ သံရုံးရှေ့မှာ အင်္ဂလိပ်လိုမအော်တတ်လို့ အထင်သေးခံ ခဲ့ရတာမျိူး လဲ ရှိတယ်။ အလုပ်သမားတွေ နဲ့ စကားပြောမိသလောက်က စနစ်ပြောင်းလဲရေး အတွက် အစိုးရ ကို အပြစ်တင်တာမျိူးထက် သူတို့ ဘ၀ ကို တိုးတက်ပြောင်းလဲအောင် လုပ်ပေးစေချင်တာမျိုး လောက်တော့မျှော်လင့်ကြပေမယ့် သူတို့ မဲပေးခဲ့တဲ့ အစိုးရ က လှည့်မကြည့်ရင်တောင် ငါတို့ ဘ၀ ငါတို့ရုန်းရမယ် ဆိုတာမျိူးပဲ နှလုံးသွင်းထားကြတာများတယ်။ ဒါကြောင့်လဲ အလုပ်သမားလူတန်းစားကို ခေတ်အဆက်ဆက် အစိုးရ ကလဲ အရာသွင်း ခဲ့ကြတာမရှိသလောက်ပဲ။ အမည်ခံ ဆိုရှယ်လစ်ခေတ်မှာလဲ ပိုစတာထဲ မှာသာ အလုပ်သမားတွေ နေရာပေးခံရတာဖြစ်တယ်။
ဖေဖော်ဝါရီလက စတင်ခဲ့တဲ့ စစ်အာဏာတော်လှန်ရေးကာလ က တဖြေးဖြေးကြာလာတဲ့အခါ မိမိစားဝတ်နေရေးထက်ဆိုတာထက် မိသားစု အတွက်ပဲ အသက်ရှင်ရမယ်လို့ မွေးကထဲ က ပုံသွင်းခံထား၇တဲ့ အလုပ်သမအများစု ဟာ စက်ရုံတွေဆီကို ပြန်ရောက်သွားကြရပါတယ်။ မိသားစု ရဲ့ အဓိက ဝင်ငွေ ရှာပေးနေသူအများစု ဖြစ်တာကြောင့် စိတ်သွားတိုင်းကိုယ်မပါနိုင်ကြပါဘူး။ ဒါပေမယ့် ထပ်ဆင့် ဖိနှိပ်မှုတွေ အခက်အခဲတွေ နဲ့တော့ နေ့စဉ်ကြုံတွေနေကြရတယ်။ ကိုဗစ်တတိယလှိုင်းဖြစ်လာတဲ့ အခါမှာ သူတို့ဟာ ကူသူမဲ့ တဲ့ အခြေအနေကို ရောက်နေကြပါတယ်။
စက်ရုံအလုပ်သမကနေ နေ့စား အ၀တ်လျှော်သူဖြစ်လာတဲ့ မချိုမာ
တောင်ဒဂုံမှာနေထိုင်တဲ့ မချိုမာ(အမည်လွှဲ)ဟာ အရင်ကစက်ရုံအလုပ်သမဟောင်းဖြစ်ပါတယ်။ ကိုယ်ဝန်ရှိလာတဲ့ အခါ စက်ရုံကနေထွက်ပြီး လောလောဆယ် ကလေးကတော့ ရှစ်လရှိပါပြီ။ ကိုယ်ဝန်ရှိလာရင် စက်ရုံတွေံက နည်းအမျိူးမျိူးနဲ့ အလုပ်ထွက်ဖို့ ဖိအားပေးခံရလေ့ရှိတယ်။ အမျိုးသားဟာ ဘောက်(ကျဘမ်း)အလုပ်လုပ်ပေမယ့် အလုပ်တွေရှားတဲ့ အခါ အိမ်မှာပဲ နေရတယ်။ မချိုမာ(အမည်လွှဲ)ဟာကလေးရှစ်လသားကိုချီပြီး အိမ်တွေမှာဘောက်အလုပ်လိုက်ရှာရပုံကိုပြောပြထားပါတယ်။
" အဝတ်တွေဘာတွေ တစ်ခါကြယူလျှော်တယ်။ အဲ့လိုယူလျှော်တော့သူတို့ကကြည့်ပေးတာပေါ့ က်ိုယ်လည်းမတောင်းပါဘူးပေးချင်သလောက်ပေးဆိုပြီးလျှော်လ်ိုက်တာ။ ဟိုတစ်လောကတော့ လျှော်တာ ၃ထောင်ပေးတယ်။တစ်ခါတစ်လေမှလျှော်ရတာပါ။သူတို့ ကျန်းမာရေးမကောင်းဘာညာကြမှ ပေးလျှော်တာ"
ဒီမှာဆိုရင် အမျိုးသားဖြစ်သူနဲ့ သူမနဲ့ ဘောက်လုပ်တာချင်တူရင်တောင် သူမမှာ ကလေးကိုပါထိန်းသိမ်းစောင့်ရှောက်ရမယ့်တာဝန်တစ်ခုပါ ပိုနေကြောင်းတွေ့ရပါတယ်။ ဒါဟာမချိုမာ(အမည်လွှဲ)တစ်ယောက်တည်းမဟုတ်ပါဘူး။ မချိုမာ(အမည်လွှဲ)လိုပဲ စားဝတ်နေရေးတစ်ဖက် အိမ်မှုကိစ္စတစ်ဖက် မိသားစုကိုပြုစုစောင့်ရှောက်ဖို့ကတစ်ဖက်နဲ့ ဗျာများနေရတဲ့ အိမ်ရှင်မတွေအများအပြားရှိပါတယ်။
" အိမ်ထောင်မှာဆိုရင်တော့ အမျိုးသမီးကတော့အများဆုံးလုပ်ရတာပေါ့။ကလေးမနေတဲ့အခါ အီတဲ့အခါကြတော့ယောက်ျားအလုပ်မရှိရင်လုပ်ပေါ့။ အလုပ်ရှိတဲ့အခါကိုယ်နဲ့ထားခဲ့တယ်။ နားချိန်ရယ်တော့မရှိဘူး ငါဒီနေ့ အလုပ်ဘယ်ကရမလဲ။ လာခေါ်မလားဆိုပြီးတွေးနေရတာပေါ့ထိုင်ပြီး "
မချိုမာတို့မိသားစုက ဘောက်အလုပ်ကို ကြိုးစားရှာဖွေနေကြပေမယ့် ခေတ်ကာလအခြအနေကြောင့် အလုပ်မရကြပါဘူး။ ဒီအခြေအနေကြောင့်သာ အလှူအတန်းကိုမျှော်ကြရခြင်းဖြစ်တယ်။ အလှူအတန်းကို တသက်လုံးမှီစားလာကြတဲ့ လူတန်းစားမဟုတ်ပါဘူး။ လက်ရှိ လှူတန်းတာတွေနဲ့ မိသားစုစားဝတ်နေရေးကိုဖြေရှင်း နေရပေမယ့် လှူတန်းတာတွေက ဖေဖော်ဝါရီနောက်ပိုင်းမှာ သိသိသာသာကိုလျော့နည်းသွားတယ်။ သိပ်မကြာခင်က ဖေ့ဘွတ်လူမှုစာမျက်နှာမှာ တော်လှန်ရေးအတွက် အကျိုးရှိနိုင်မယ့် ပီဒီအက်ဖ် ဖက်တွေကိုပိုလှူကြဖို့တစ်ဖက်ကပြောရင်းနဲ့ တစ်ဖက်မှာ ပြည်သူအချင်းချင်း ကူညီလှူတန်းတာတွေကို ဝေဖန်မှုမျိုးတွေတက်လာတဲ့ချိန်မှာ မချိုမာတို့မိသားစုကို မြင်ယောင်မိပါတယ်။
ဂျန်ဒါအလုပ်ခွဲပုံမညီမျှတာကြောင့် ထပ်ဆင့်တာ၀န်တွေယူနေရတဲ့ အခြေအနေ
အဖက်ဖက်ကဖိနှိပ်ခံနေရတဲ့ လူထုထဲမှာတောင် တာဝန်ကို ၂ဆ ၃ဆပိုပြီးထမ်းယူနေရတဲ့သူတွေက အမျိုးသမီးအလုပ်သမအိမ်ရှင်မတွေပဲဖြစ်ပါတယ်။ ဂျန်ဒါအလုပ်တာ၀န်ခွဲဝေမှု သွန်သင်ချက်တွေ ကြောင့် အိမ်ရှင်မတွေဟာ အိမထောင်ရဲ့ ၀င်ငွေကို ဘယ်လိုပဲ ဦးဆောင်ရှာဖွေနေပါစေ အ်ိမ်ရဲ့လုပ်ငန်းတာဝန်ကိစ္စတွေက သူ့ရဲ့တာဝန်ဖြစ်တယ်လုပ်ရမယ့် တာဝန်တွေဖြစ်တယ်လို့ခံယူထားပါတယ်။ ဒါပေမယ့် အခုချိန်မှာ တစ်ဖက်ကလည်း အလုပ်တွေရှားပါးလာတာကြောင့် အိမ်ရှင်မတွေကလည်း အလုပ်ထွက်လုပ်ရပါတယ်။ ကောက်စိုက်သမဟောင်းဖြစ်ပြီး လက်ရှိစက်ရုံဝင်နေတဲ့ မကြည်ဝင်း(အမည်လွှဲ) သူရဲ့နေ့စဉ် ရုန်းကန်လှုပ်ရှားမှုတွေကိုဒီလိုပြောပြပါတယ်။
" အိပ်ယာထတာ ၅နာရီလောက်ထရတယ်။ ရေနွေးအိုးကြိုရတယ် ကလေးနို့ဖျော်ဖို့ ထမင်းဟင်းချက်တယ် အအလုပ်သွားဖို့ တစ်ခါတစ်လေကြရင် လျှော်ရဖွတ်ရသေးတယ်။
အလုပ်က ၇နာရီသွားရတယ်။ စက်ရုံကို၈နာရီဆိုဝင်ရပြီ။ အိမ်ကနေ စက်ရုံကိုလမ်းလျှောက်ရင် မိနစ် ၃၀လောက်ကြာတယ်။စက်ရုံမှာအမကပုလင်းဆေးတာ။ ငရုတ်ဆီထည့်ဖို့ပုလင်းတွေကို သန့်အောင်ပြန်ဆေးတာ။ပုဒ်ပြတ်ပေါ့။ကိုယ်လုပ်နိုင်မှရတယ် ကိုယ်လုပ်နိုင်သလောက်ပဲ။တစ်လုံးကို ၁၀လည်းပေးတယ် ၅ကျပ်လည်းပေးတယ် သန့်တဲ့ဟာကြရင် ၅ကျပ် နည်းနည်းလေးမသန့်ရင် ၁၀။ တစ်နေ့နဲ့တစ်နေ့မမှန်ဘူး ပုလင်းသန့်ရင်တော့ရတယ် ၄ ၅ ၆ထောင်မသန့်ရင်တော့ ၃၄ထောင်လောက်ပဲ။ ပုလင်းသန့်တော့ နည်နည်းပဲဆေးတာနဲ့ပြောင်တယ်။တစ်နေကုန် အလုပ်စဝင်ထဲကရေနဲ့ထိနေရတာ ပြန်လာတဲ့ထိပဲ။"
ဒီလိုမျိုး မနက် ၅နာရီကစလို့ အလုပ်လို့ဖို့အတွက်ပြင်ဆင်ကြရပေမယ့် ၊ တစ်ဖက်မှာလည်း အိမ်ရဲ့ အိမ်မှုကိစ္စတွေ သားသမီးတွေကိုပြုစုစောင့်ရှောက်ဖို့တွေ အိမ်ရဲ့ ဝင်ငွေစီမံခန့်ခွဲမှု ဘယ်နေ့မှာဘာချက်မယ် ဘယ်လိုစီစဉ်မယ်ဆိုတာကအစ အိမ်ရှင်မတွေရဲ့ တာ၀န်ပဲဖြစ်နေတယ်။ စက်ရုံဆင်းအလုပ်သမအိမ်ရှင်မတစ်ယောက်ရဲ့ စက်ရုံတွင်း နဲ့ အိမ်တွင်းအလုပ်ချီန်က မနက်၅နာရီကစပြီး ပျမ်းမျှနားရတဲ့အချိန်က ည ကိုးနာရီဖြစ်ပါတယ်။အလုပ်ချိန် တနေ့ကို ၁၆ နာရီလောက်ဖြစ်နေပါတယ်။ အလုပ်သမား အ်ိမ်ရှင်မတွေဟာ ပိုက်ဆံရတဲ့ အလုပ်ကိုရော ပိုက်ဆံမရပဲနဲ့ လူအချင်းချင်းပြုစုစောင့်ရှောက်တဲ့ အလုပ်ကိုပါ တာဝန်ယူထားပေမယ့်လည်း လူအဖွဲ့အစည်းနဲ့သူတို့စိတ်ထဲမှာတော့ ဒါကသူတို့တာဝန်ပါပဲလို့ ခံယူထားအောင်လူအဖွဲ့အစည်းကပြုလုပ်ထားတယ်။အိမ်ထောင်မကျခင်ကမိသားစုကိုပြုစုစောင့်ရှောက်တဲ့အလုပ် အိမ်ထောင်ကျလာတဲ့အခါ အမျိုးသားကိုပြုစုစောင့်ရှောက်တဲ့အလုပ် ကလေးရတဲ့အခါကြလည်း ကိုယ့်သားသမီးကိုပြုစုစောင့်ရှောက်ရပြန်ရောဒီလိုနဲ့ ပဲအမျိုးသမီးတွေရဲ့ဘဝကပြီးဆုံးသွားကြတာများပါတယ်။ မကြည်ကြည်ဝင်းကို သူအိမ်ထောင်မကျခင်က က်ိုယ်လုပ်ချင်ခဲ့တဲ့ အိပ်မက်ကိုမေးတဲ့ အခါ သူခဏတာတွေဝေသွားပြီး …" ဝါသနာပါတာကတော့မရှိပါဘူး။ဘာမှတော့မရှိဘူး စက်ရုံအလုပ်ပဲ ကျန်တာမလုပ်တတ်ဘူး။ "လို့ပြောခဲ့ပါတယ်။ သူ့မှာ အိပ်မက်မက်ခွင့်လုပ်ပိုင်ခွင့်မရှိခဲ့ဖူးဘူး။
မချိုချိုဝင်းလိုအမျိုးသမီးပေါင်းများစွာရှိပါတယ်။ သိပ်မကြာခင်က စက်ရုံတွေမှာ အလုပ်ဆင်းနေတဲ့ အလုပ်မတွေနဲ့ စကားပြောခွင့်ရခဲ့ပါတယ်။ သူတို့ကိုလည်း ထပ်တူမေးခွန်းမေးခဲ့ပေမယ့် အများစုဟာ အိပ်မက်ဆိုတာဘာလဲမသိခဲ့သလိုမရှိကြတာများပါတယ်။သူတို့ပြန်ပြောတဲံအိပ်မက်ကဈေးရောင်းပြီးမိသားစုနဲ့တူတူနေချင်တာလို့ပဲ ပြောကြပါတယ်။ဝါသနာဘာလဲ ဆိုရင်လဲ အထူးအဆန်းလိုပဲ ပြန်ကြည့်ကြတယ်။ စနစ်ရဲ့ ဖိနှိပ်မှု ဟာ လူတွေရဲ့ အိမ်မက် မက်စိတ်ကူးကြံစည်မှုကိုပါ ဖျက်ဆီးပစ်လိုက်တာပါ။
အိမ်ရှင်မတွေ မဖြစ်စလောက်၀င်ငွေနဲ့ မိသားစုကို ဘယ်လိုစီမံခန့်ခွဲကြလဲ
စစ်အာဏာသိမ်းတာ ရေရည်ကြာလာတာနဲ့ အမျှ ပြည်သူလူထုရဲ့ စားဝတ်နေရေးကတစ်ဖြည်းဖြည်းကျပ်တည်းလာသလို တစ်ဖက်မှာလည်း ကုန်ဈေးနှုန်းတွေက အဆမတန်ထိုးတက်လို့လာနေပါတယ်။ ၁၂.၈.၂၁ RFA ရဲ့ သတင်းအရ စစ်တပ်အာဏာသိမ်းတာနဲ့ ကိုဗစ်ရောဂါကြောင့် ဆန်စိုက်ပျိုးမှုလျော့ကျပြီး ဆန်စက်တွေမလည်ပတ်နိုင်တာ စစ်တပ်ရဲ့ လမ်းပန်းဆက်သွယ်ရေးထိန်းချုပ်မှုတွေကြောင့် ဓာတ်မြေသြဇာတွေ အချိန်မှီမရောက်တာ သယ်ယူပို့ဆောင်မှုတွေနဲ့ နှောင့်နှေးနေတာကြောင့် ဆန်ဈေးနှုန်းတွေတက်လာမယ်လို့ ခန့်မှန်ထားကြပါတယ်။
ကိုယ်တိုင်ကအလုပ်သမဟောင်းအိမ်ရှင်မ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပိတ်သိမ်းလိုက်ရတဲ့စက်ရုံတွေထဲကတစ်ခုမှာလုပ်ကိုင်ခဲ့ပြီး လက်ရှိ မှာ အိမ်ရှင်မ အလုပ်အကိုင်ကိုသာ လုပ်နေတဲ့ မစုစု (အမည်လွဲ)က သူ့ရဲ့ ပြောပါတယ်။
" ဆန်က ၂၀၀၀ဆန်ဆိုမကြီးတိုကအချောနဲ့အကြမ်းနဲ့ရော စားတယ်။ ၂၀၀၀ဆန်ဆို တစ်အိတ်ကို ၅၈၀၀၀ကျတယ်။ ဆီဆို ၅ပိသာတစ်ဘူးဆို၂လစားရတယ်ပေါ့နော်။ ဆီ ၁ပိသာမှအရင်တုန်းက၁၆၀၀ပဲရှိတာလေ အခုဆို ၅ပိသာဆို ၂သောင်းကျော်သွားပြီ။ တော်တော်ခက်ခဲသွာတးယ်။ အချိုမှုန့်ဆိုလည်း အရင်က ၅၀သားဆို ၁၈၀၀ကျတယ် အခု ဆို ၅၀သား ကို ၃၀၀၀ပေးရတယ်။ အဲ့လိုတွေတက်ကုန်တော့လိုက်မမှီတော့ဘူး။ ကိုယ့်ဝင်ငွေနဲ့ကိုယ်စားမှာနဲ့ချိန်ပြီးတော မငတ်တော့အငတ်ပေမယ့်လည်းချိန်ပြီးတော့ နည်းနည်း အရင်တုန်းက ၂တုံးစားမယ့်နေရာမှာ အခု ၁တုံးလောက်ပေါ့။ စားရတာပေါ့….."။
အခြေခံလုပ်သားအများစုက ဆန်ဆီတွေကို လပေးတွေနဲ့ ယူပြီးစားလေ့ရှိပါတယ်။ ပုံမှန်အားဖြင့်ဆန်တစ်အိတ်ကို ၅သောင်းကျော်ရှိပါတယ်။ ဒါကြောင့် အလုပ်သမအိမ်ရှင်မတွေအနေနဲ့ ရတဲ့ဝင်ငွေနဲ့ စားဝတ်နေရေးအတွက်လောက်ငှအောင် ခက်ခက်ခဲခဲစီမံခန့်ခွဲရပါတယ်။
အလုပ်သမအိမ်ရှင်မတွေက ဘယ်တုန်းက သူတို့ရဲ့ လုပ်အား၊ စွမ်းရည်ကို လူ့အဖွဲ့အစည်း အသိအမှတ်ပြုခြင်းမခံရပါဘူး။ တစ်ဖက်က စားဝတ်နေရေးအတွက် တစ်ဖက်က ပြုစုစောင့်ရှောက်ရတဲ့ အလုပ် နှစ်ခုကြား ကောင်းကောင်းလည်ပတ်နိုင်အောင် စီမံနိုင်တဲ့ အလုပ်သမအိမ်ရှင်မတွေတွေရဲ့ စွမ်းရည်က လေးစားစရာပါ။ ဒါပေမယ့်လည်း လူ့အဖွဲ့အစည်းကဲ့ အမြင်မှာတော့ လျစ်လျူရှုခံနေရဆဲဖြစ်ပါတယ်။ အလုပ်သမအိမ်ရှင်မတွေက သူတို့ရဲ့ငယ်ဘဝနဲ့ အိမ်ထောင်မကျခင်ကလည်း သူတို့ရဲ့အိမ်ကိုပြုစုစောင့်ရှောက်တဲ့အလုပ်ကိုယူရသလို အိမ်ထောင်ကျပြီးတော့လည်း လင်ယောက်ျားနဲ့ ကလေးသူငယ်တွေအပေါ်ပြုစုစောင့်ရှောက်ပြီး ပေးဆပ်ရပါတယ်။ ဒီလိုမျိုး လူအချင်းချင်းပြုစုစောင့်ရှောက်တဲ့ အလုပ်က လူ့အဖွဲ့အစည်းအတွက်အရေးပါတဲ့ နေရာတစ်ခုဖြစ်တယ်။ ဒါပေမယ့် လူ့အဖွဲ့အစည်းက မန်နေဂျာ၊ စီအီးအို၊ ခေါင်းဆောင်မှသာ အရေးပါတဲ့အလုပ်လို့ ယူဆပြန်ပါတယ်။ ဒီလိုပြောလို့ အမျိုးသမီးတွေကို အိမ်မှုကိစ္စပဲလုပ်လို့ပြောတာမဟုတ်ကြောင်း သတိပြုရပါမယ်။ ဆိုလိုတာက ဒီလိုမျိုး လူအချင်းချင်းပြုစုစောင့်ရှောက်တဲ့အလုပ်ကို လူတိုင်းကိုရွေးချယ်ခွင့်ပေးဖို့ဆိုတာပါပဲ။
အခု တော်လှန်ရေးကာလမှာဆိုလျှင်စက်ရုံအလုပ်ရုံအများအပြားဖျက်သိမ်းခံရတဲ့အတွက် ပိုက်ဆံရတဲ့အလုပ်တွေကို ဆုံးရုံးခဲ့ကြပေမယ့် အလုပ်သမား၊ အိမ်ထောင်ရှင်မတွေဟာ ရရာအလုပ်ကို ရှာဖွေလုပ်ကိုင်ကြပါတယ်။ ခေတ်ကာလအခြေအနေအရ ဘောက်အလုပ်တွေနည်းပါးလို့ လှူတန်းလာတဲ့ပစ္စည်းတွေကို အမှီသဟဲပြုနေရရင်တောင် သူတို့ဆီမှာ ဒီလှူတန်းမှုအပေါ်ကို ရေရှည်မှီခိုလိုစိတ်မရှိကြဘူး။ ဒီလိုမျိုး အခက်အခဲတွေဖြစ်အောင် လူ့အဖွဲ့အစည်းစနစ်က ဖန်တီးတာဖြစ်ပေမယ့် အလုပ်သမားထုကမခံနိုင်လို့ ဆန္ဒဖော်ထုတ်တဲ့အခါ၊ ခက်ခဲချိန်မှာအကူအညီရယူမိတာ ဆို လူ့အဖွဲ့အစည်းက "အလုပ်မှမကြိုးစားတာ၊ သူတို့ကအရမ်းအားကိုးလိုစိတိရှိတယ်"စသဖြင့် ရေပေါ်ဆီလူတန်းစားက သမုတ်ကြပါသေးတယ်။
အလုပ်သမားထု၊ အလုပ်သမားထုထဲမှာမှ ပြည်တွင်းရွေ့ပြောင်းအလုပ်သမားထုကြီးထဲကမှ အိမ်ရှင်မအမျိုးသမီးလုပ်သားတွေဟာ တော်လှန်ရေးမှာလည်း တပ်ဦးကနေ ရွပ်ရွပ်ချွံချွံပါဝင်ခဲ့သလို ယနေ့အချိန်ထိ ပြောက်ကျားတော်လှန်ရေးတွေမှာလည်း ပါဝင်နေဆဲဖြစ်ပါတယ်။ တစ်ချိန်တည်းမှာ အချိန်ကြာလာတာနဲ့ အမျှ စစ်အာဏာသိမ်းမှုရဲ့အကျိုးဆက်တွေနဲ့ တတိယလှိုင်းကိုဗစ်ရဲ့ အကျိုးဆက်တွေကြောင့် အိမ်ရှင်မအလုပ်သမတွေဟာ ကူသူမဲ့အခြေအနေကိုရောက်နေကြပါတယ်။ ရရာအလုပ်ကိုရှာဖွေလုပ်ကိုင်နေကြပေမယ့်လည်း စားဝတ်နေရေးအတွက် လုံလောင်နိုင်စွမ်းမရှိပါဘူး။ တစ်ချိန်ထဲမှာပဲ အကူအညီပေးမှုတွေဟာ နည်းပါးလာပြီး ဝေဖန်မှုတွေလည်းရှိလာပါတယ်။ လူထုဟာ ထမင်းဝမှနိုင်ငံရေးစကားပြောနိုင်မှာဖြစ်တယ်။ နိုင်ငံရဲ့ ၇၀ရာခိုင်နှုန်းသော နင်းပြားလူထုမပါပဲနဲ့တော်လှန်ရေးက ဘယ်လိုမှနိုင်မှာမဟုတ်ပါဘူး။ တော်လှန်ရေးမှာ ရွပ်ရွပ်ချွံချွံပါဝင်ခဲ့ကြပြီး ရှိရင်းစွဲထဲ ထပ်ဆင့်ဖိနှိပ်မှုတွေကိုဖြေရှင်းနေကြရတဲ့ အိမ်ထောင်ရှင်မအလုပ်သမတွေရဲ့ စွမ်းရည်နဲ့ ဇွဲသတ္တိကို လူထုက အသိအမှတ်ပြုဖို့လိုပါကြောင်း…..။
ရှင်းသူနောင်
မူရင်း - https://www.facebook.com/105743808398126/posts/131276389178201/
Comments
Post a Comment