တပ်မတော်သားများဖတ်ရန်
“စိတ်ပျက်နေတဲ့ စစ်သားတွေ ဘာလုပ်သင့်လဲ”
ဖေ့စ်ဘွတ်ပေါ် တက်တက်လာတဲ့ တပ်မတော် ထောက်ခံပွဲ ဓါတ်ပုံတွေဟာ တကယ်တော့ စစ်တပ်ထောက်ခံသူတွေကို စိတ်အားတက်အောင် လုပ်ပေးတဲ့သဘောမျှသာ ဖြစ်ပါတယ်။ တကယ်တမ်း ပြည်သူအများစုရဲ့ ဆန္ဒဟာ ဘာလဲဆိုတာ ၉ လကျော် ကြာလာတဲ့ ခုချိန်ထိ အုပ်ချုပ်လို့ မရသေးတဲ့ အနေအထားက အကောင်းဆုံး ညွှန်းဆိုပြသနေပါတယ်။
တကယ်တမ်းကတော့ အဲဒီထောက်ခံပွဲတွေကြောင့် စစ်သားတွေဟာ စိတ်ဓါတ်တွေကျ၊ စိတ်ကုန်နေကြတာပါ။ တချို့က အရပ်သားအဖြစ် အဝတ်လဲပြီး ကိုယ်တိုင်တက်ရတယ်။ တချို့က လုံခြုံရေး ယူပေးရတယ်။ သူတို့တင်လားဆိုတော့ မဟုတ်ဘူး။ မိသားစုဝင်တွေ၊ ဇနီးသည်တွေကပါ ထောက်ခံပွဲမှာ ပါပေးရတယ်။ စစ်တပ်စီးပွားရေးဖြစ်တဲ့ မိုင်တဲ တာဝါတိုင်တွေကို စောင့်ပေးရတယ်။
ပြောရရင် တိုင်းပြည်ကို ကာကွယ်မယ် ဆိုတဲ့ စစ်တပ်ဟာ ထိပ်ပိုင်းခေါင်းဆောင် အာဏာရှင်လူတစ်စုအတွက် အသုံးချခံ လက်ကိုင်တုတ်သဖွယ် ဖြစ်နေတယ် ဆိုတာ ပိုပိုပြီး ထင်ရှားလာပါတယ်။
လက်နက်ကိုင်ပြီး ပြည်သူကို အကြမ်းဖက် အနိုင်ကျင့် ဓါးပြတိုက် ပစ္စည်းလု လုပ်ရတာကို ပျော်နေတဲ့သူတွေကတော့ ဒီအခြေအနေကို အဆင်ပြေမှာပါ။ သို့သော် တကယ့်ကို တပ်မတော်သားစစ်စစ် ဖြစ်ချင်လို့ စစ်တပ်ထဲ ဝင်လာသူတွေ၊ နောက် တပ်တွင်း အနိုင်ကျင့်မှု၊ ခေါင်းပုံဖြတ်မှုတွေကို လက်မခံနိုင်တဲ့သူတွေကတော့ အတော်လေး စိတ်ပျက်နေကြတယ်လို့ ကြားသိရပါတယ်။
စစ်အာဏာရှင်တွေရဲ့ သရုပ်မှန်ကို ရှင်းရှင်းလင်းလင်း မြင်သွားတဲ့၊ စစ်တပ်ရဲ့ အကြမ်းဖက်မှုကို ဘယ်လိုမှ သည်းမခံနိုင်တော့တဲ့ ပြည်သူတွေဘက်ကလည်း နောက်ပြန်လှည့်ဖို့ မရှိတော့လို့ ကိုယ့်ရဲ့ အသက်အန္တရာယ်ကလည်း နေ့နေ့ညည ခြိမ်းခြောက်ခံနေရတဲ့ အခြေအနေ ဖြစ်လာပြီ။
ဒါကြောင့်လည်း အကြမ်းဖက်စစ်တပ်ကို စွန့်ခွာပြီး ပြည်သူ့ဘက်ကို ပူးပေါင်းလာတဲ့ စစ်သားတွေ တစ်နေ့ထက်တစ်နေ့ ပိုများလာတာ ဖြစ်ပါတယ်။
ခုပို့စ်မှာတော့ အဲ့လို စိတ်ပျက်နေတဲ့ စစ်သားတွေအနေနဲ့ လုပ်လို့ ရတဲ့ အာဏာဖီဆန်မှု ၄ မျိုးကို ရှင်းပြချင်ပါတယ်။ ကျွန်တော် ဖတ်ထားတဲ့ ဆောင်းပါးကို တိုက်ရိုက်ဘာသာပြန် ကိုးကားတာမျိုး မဟုတ်ဘဲ၊ စစ်သားတစ်ယောက်စီအလိုက် လုပ်လို့ ရနိုင်တဲ့ ပုံစံကို ရေးထားတာ ဖြစ်ပါတယ်။
အဲဒီ ၄ နည်းကတော့
▪️၁။ စစ်တပ်ထဲက အပြီးအပိုင် ထွက်လာပြီး ပြည်သူဘက်ကို ပူးပေါင်းတာ
▪️၂။ စစ်တပ်ထဲက ထွက်မလာရဲ၊ ထွက်မလာနိုင်သေးပေမဲ့ တပ်ထဲက သတင်းတွေကို မျှဝေပေးတာ
▪️၃။ အမိန့်ကို ငြင်းပယ်တာ - ဥပမာ အရပ်သားတွေကို ပစ်မိန့်ပေးလိုက်တာမျိုးဆို မလိုက်နာတာ
▪️၄။ Shirking - အလုပ်ကို သေသေချာချာ မလုပ်တာ၊ ရည်ရွယ်ချက်ရှိရှိနဲ့ အချိန်ဆွဲတာ၊ နှောင့်နှေးအောင် လုပ်တာ စသဖြင့်ပေါ့။
ဖမ်းခိုင်းရင် သွားတော့ ဖမ်းမယ်၊ ဟိုက နည်းနည်းပြေးတာနဲ့ မီအောင် မလိုက်ဘဲ နေလိုက်တာ၊ ပစ်မိန့်ပေးရင် ချော်ပြီး ပစ်တာ၊ စစ်တာ ဆေးတာတွေကို သေချာမလုပ်တာ၊ တွေ့နေ မြင်နေရင်တောင် မမြင်ချင်ယောင် ဆောင်လိုက်တာ။ ပိုပြီး မြင်သာအောင် ပြောရရင် A Taxi Driver ဆိုတဲ့ ကိုရီးယားကားကို ကြည့်ဖူးကြမယ် ထင်တယ်။ မြို့ကနေ ထွက်မဲ့ နောက်ဆုံးဂိတ်မှာ ဒီတက္ကစီကို စစ်တဲ့အခါကျတော့ သတင်းထောက် ပါလာတဲ့ ကားမှန်း သိသိကြီးနဲ့ စစ်သားက လွှတ်ပေးလိုက်တာမျိုးပေါ့။
၄ နည်းထဲမှာ သူကတော့ အန္တရာယ် အနည်းဆုံးလို့ ပြောကြတယ်။ အမိန့်မနာခံတာထက်စာရင် လွဲသွားတာ၊ နှေးတာ၊ မလုပ်တတ်တာက အပြစ်ပေးရခက်တာကိုး။
ဒါကြောင့် တပ်ထဲက ထွက်လာနိုင်၊ ထွက်လာရဲမှ ပြည်သူနဲ့ ပူးပေါင်းတာမျိုး မဟုတ်ဘူး၊ တခြားနည်းလမ်း ၃ ခုလည်း ရှိသေးတယ် ဆိုတာကို သိစေချင်တယ်။ ရတဲ့နည်းနဲ့တော့ ပူးပေါင်းကြစေချင်တယ်။
ဘာလို့ဆိုတော့ ဒီတော်လှန်ရေးဟာ အစိမ်းနဲ့ အနီ အာဏာလုကြတဲ့ တော်လှန်ရေးမျိုး မဟုတ်ဘူး။ တပ်မတော်ရဲ့ ပုံရိပ်ဟာလည်း ဘယ်လောက်တောင် ကျဆင်းနေပြီလဲ ဆိုတာ သိကြမှာပဲ။ ဒီနေ့လို ဆိုရှယ်မီဒီယာခေတ်၊ သတင်းအချက်အလက်ခေတ်မှာ စစ်တပ်ရဲ့ ဆိုးယုတ်မှုတွေဟာ လယ်ပြင်မှာ ဆင်သွားသလို ထင်ထင်ရှားရှားကြီးကို မြင်နေရပြီ။ တစ်ကမ္ဘာလုံး၊ တစ်နိုင်ငံလုံးကလည်း သိနေပြီ။ အဲဒါကို အတင်းမျက်စိဇွတ်မှိတ်ပြီး ငြင်းမနေပါနဲ့တော့။ ရှေ့ကို ဘာဆက်လုပ်မလဲ ဆိုတာသာ စဉ်းစားသင့်တဲ့အချိန် ရောက်နေပါပြီ။
ဒီတော့ အာဏာရှင်လူတစ်စု ကောင်းစားရေးအတွက် ကာကွယ်ပေးနေရတဲ့၊ မာဖီးယားဂိုဏ်းသာသာလောက် ဖြစ်နေတဲ့ မြန်မာ့တပ်မတော်ရဲ့ ပုံရိပ်ကို မြှင့်တင်ချင်တာ ဖြစ်ဖြစ်၊ လက်ရှိမှာ တစ်တိုင်းပြည်လုံးက ရွံမုန်းတာကို ခံနေရတဲ့ ဘဝကနေ ရုန်းထွက်ချင်တာ ဖြစ်ဖြစ်၊ တပ်တွင်း ဗိုလ်ကျ အနိုင်ကျင့်မှုတွေကနေ လွတ်မြောက်ချင်တာ ဖြစ်ဖြစ်၊ နောက်ဆုံးကုန်ကုန် ပြောရရင်၊ အခြေအနေ မဟန်တော့တဲ့ အဖွဲ့အစည်းဘက်မှာ မနေချင်တော့လို့ပဲ ဖြစ်ဖြစ် ပြည်သူ့ဘက်ကို အမြန်ဆုံး ပူးပေါင်းကြစေချင်ပါတယ်။
ဒေါက်တာ ဖြိုးသီဟ
၂.၁၁.၂၀၂၁
Photo credit
မူရင်း -
https://www.facebook.com/100044368062010/posts/429377811884484/
Comments
Post a Comment