တော်လှန်ရေး - စားသုံးသူအခွင့်အရေး (မူရင်း တူမီးစာစဉ်)

▪️စားသုံးသူအခွင့်အရေး ကိုယ်တိုင်ကာကွယ်ကြ▪️

- ပြည်သူလူထု ခင်ဗျား ....

မိမိတို့ တူမီးစာစဥ်မှ MPDF အတွက် အလှူငွေကူညီကောက်ခံပေးမှုကို ခေတ္တရပ်နား​လိုက်ရကြောင်း အသိပေးအကြောင်းကြားလိုပါသည်။ MPDF အတွက် ထောက်ပံ့ကူညီပေးခဲ့ကြသော ရဲဘော်တို့အား အထူးကျေးဇူးတင်ရှိပါသည်။ 

ယခုအခါ စစ်အုပ်စုကို အလုပ်ကျွေးပြုနေသော ခရိုနီပိုင် ဘဏ်ကြီးများမှ တော်လှန်ရေးအတွက် အလှူငွေကောက်ခံပေးနေသော ဘဏ်အကောင့်များ၊ ဖုန်းနံပါတ်များကို ပိတ်ဆို့၍ ငွေကြေးစီးဆင်းမှုဖြတ်တောက်ခြင်းများ ပြုလုပ် ဆောင်ရွက်နေလျက်ရှိသည်။ ထို့အပြင် စစ်​ဘေး​ရှောင်များ၊ ကိုဗစ်​ရောဂါကာကွယ်​ရေးနှင့် အောက်ဆီဂျင် အခမဲ့ လှူဒါန်း​ရန်အတွက် စု​ဆောင်းထားရှိသော ဘဏ်အ​ကောင့်များ၊ ဖုန်းနံပါတ်များကိုပါ ပိတ်ဆို့သိမ်းဆည်းခဲ့ပါသည်။

ဤကဲ့သို့ ပြုလုပ်ခြင်းသည် လူထု၏ တော်လှန်ရေးကို ချို့တဲ့ အားနည်းစေရန်နှင့် ပြည်သူလူထု အကျိုးစီးပွား ပျက်ပြား​စေရန်အလို့ငှာ စစ်အုပ်စုနှင့် ၎င်းတို့၏ လက်ကိုင်တုတ် ဘဏ်ကြီးများမှ ပူးပေါင်းကြံစည်ခြင်းဖြစ်သည်ဟု မိမိတို့စာစဉ်မှ အတိအလင်းပြောကြားလိုသည်။ 

အထက်အမိန့်အရဟု ဆိုကာ လူ့အခွင့်ရေး၊ စားသုံးသူ အခွင့်ရေးကို ပြောင်ပြောင်တင်းတင်းချိုးဖောက်နေသော ထိုဘဏ်ကြီးများကို လူထုက အင်တိုက်အားတိုက် အရေးယူဒဏ်ခတ်ကြရန်လိုအပ်ပေသည်။

ထိုကဲ့သို့ အကြမ်းဖက်စစ်​ကောင်စီ သက်ဆိုးရှည်​အောင် ​ထောက်တိုင်အဖြစ် ​ပျော်​ပျော်ပါးပါး အသုံး​တော်ခံနေသည့် အကြမ်းဖက်အား​ပေး ဘဏ်များကို ပြည်သူလူထုမှ အ​ရေးယူဒဏ်ခတ်ခြင်း မပြုလုပ်ပါက အကြမ်းဖက်စစ်​ကောင်စီနှင့် စစ်တပ်ဗဟိုပြု ခရိုနီစီးပွား​ရေးအ​ဆောက်အအုံသည် သက်ဆိုးရှည်​နေဦးမည် ဖြစ်သည်။

ဘဏ်များသည် လူထု၏ ​ငွေများကို စု​ဆောင်းသိမ်းဆည်း​ပေးခြင်း၊ ဘဏ်ကို ယုံကြည်စွာအပ်နှံထားသည့် ​ငွေများက်ု အချိန်မ​ရွေး လွယ်ကူစွာ ပြန်လည်ထုတ်​ပေးရခြင်း စသည့် ဝန်​ဆောင်မှုများကို ​ပေးအပ်ရမည် ဖြစ်သည်။ ယခုအခါ ဘဏ်များ၏ ယ​နေ့ လုပ်​ဆောင်ချက်သည် စားသုံးသူ၏ အခွင့်အ​ရေးများ၊ ဘဏ်ဝန်​ဆောင်မှုများကို ထင်ထင်ရှားရှား ချိုး​ဖောက်ကာ ပြည်သူလူထု၏ အကျိုးစီးပွားကို မျက်ကွယ်ပြုလျှက် အကြမ်းဖက်စစ်​ကောင်စီအလိုကျ လူထုကို ဖိနှိပ်ခြင်းဖြစ်ပါသည်။

သို့ဖြစ်ပါ၍ လူထုအနေဖြင့် ထိုကဲ့သို့ပိတ်ဆို့သိမ်းဆည်းခံရသော မိမိတို့၏ ငွေကြေးများကို မည်သည့်နည်းဖြင့်မဆို ပြန်လည်ရယူနိုင်ရေး ကြိုးစားအားထုတ်ကြရန်နှင့်အကြမ်းဖက်စစ်​ကောင်စီအား​ပေး ဘဏ်များရှိ မိမိတို့၏ ပိုင်ဆိုင်မှုများသည် ယုံကြည်စိတ်ချရမှု မရှိနိုင်ခြင်းတို့​ကြောင့် အလုံးအရင်းဖြင့် ပြန်လည်ထုတ်ယူကြလော့ဟု မိမိတို့စာစဥ် တိုက်တွန်းလိုက်ရပါသည်။ ။

"လူထုကို ဖိနှိပ်သည့် ယန္တရားမှန်သမျှ ဖြိုချတွန်းလှန်ကြ"

- တူမီးတော်လှန်ရေးစာစဉ်

Comments

Popular posts from this blog

ဖမ်းဆီးခံရလျှင် ပြုဖွယ် - ဆောင်ရန် ရှောင်ရန်

နိုင်ငံစီးပွားရေးကျဆင်းလာမှုရဲ့ သက်သေသာဓကတခု

ရခိုင်ပြည်နယ်၊ နိုဝင်ဘာ ၂၀၂၁