အခြေခံလူတန်းစားကလေးများ ပညာသင်ကြားရေး
ဒီစာကတော့ အခြေခံလူတန်းစား အတွက်ပါ။ ကျောင်းတွေပိတ်ထားတယ် ဘာလုပ်ရမလဲ မသိဘူး။ Youtube ကြည့်ဖို့မပြောနဲ့ အင်တာနက် bill ဖိုးမရှိဘူး။ ဖုန်းတောင် မိဘထံက ယူသုံးနေရတယ်ဆိုတဲ့ ကလေးများအတွက်ပါ။
(၁) မိဘ လက်ငုတ်လက်ရင်းအလုပ်ကို ကူလုပ်ပါ။ တကယ်တတ်အောင်သင်ပါ။ မိဘက လယ်လုပ်လို့ မလုပ်ချင်တော့ဘူး ဆိုတာမျိုး တွေးမိရင်လည်း အချိန်အခါ အရ လုပ်သင့်လုပ်ထိုက်တာကို လုပ်ရမယ်ဆိုတဲ့ စိတ်နှလုံးသွင်းပါ။
(၂)တစ်ခါတစ်ရံမှာ အလုပ်ကြမ်းလုပ်ရတယ်ဆိုတဲ့ သိမ်ငယ်စိတ်မျိုးလည်း ဝင်တတ်ပါတယ်။ တကယ်တော့ အလုပ်ကြမ်းနဲ့ သက်သာတဲ့ အလုပ်ဆိုတာရယ်လို့ မရှိပါဘူး။ #မပင်ပန်းတဲ့ အလုပ်ဆိုတာ မရှိပါဘူး။ ဒီနိုင်ငံလို ဘဏ္ဏာခိုးပြီး သူဌေးယောင်ဆောင်လို့ရတဲ့နိုင်ငံ corrupted ဖြစ်နေတဲ့နိုင်ငံ မျိုးမှာသာ သက်သာတဲ့အလုပ်မျိုးရှိနေတာပါ။
(၃) ခွဲခြားဆက်ဆံခံရနိုင်တာမျိုးလည်းရှိနိုင်ပါတယ်။ အဲ့လိုအချိန်မျိုးမှာ အခြေအနေနဲ့ အချိန်အခါကို ကြည့်ပြီး ပြန်တုန့်ပြန်ပါ။ တကယ်တော့ ခွဲခြားဆက်ဆံတဲ့သူအများစုဟာလည်း ခံစားမှုပိုင်းဆိုင်ရာဉာဏ်ရည်(Emotional Intelligence) မပြည့်ဝသူ၊ တစ်နည်း ကျပ်မပြည့်သူများ ဖြစ်နေတာကို သိထားရင် လုပ်သင့်လုပ်ထိုက်တာ ပြန်လုပ်နိုင်ပြီး သိမ်ငယ်တဲ့စိတ်မျိုး မဖြစ်အောင် အထိုက်အလျောက် တားနိုင်ပါတယ်။ ခွဲခြားဆက်ဆံနေတဲ့ သူတွေကလည်း အခြားနိုင်ငံရောက်တဲ့အခါ သူလိုကိုယ်လို ခွဲခြားခံရသူတွေပါပဲ။ ဒီမှာသာ လူထင်ကြီးအောင် လုပ်ပြနေတာလို့ မှတ်ပါ။
(၄) အသက်မွေးဝမ်းကျောင်းပညာရေးဟာ အရေးပါပါတယ်။ အသက်မွေးဝမ်းကျောင်းပညာရေး ဆိုလို့အကြီးကြီးမတွေးပါနဲ့။ လယ်စိုက်တာ၊ တိရိစ္ဆာန်မွေးမြူတာ၊ ကုန်ရောင်းကုန်ဝယ်လုပ်တာ၊ ပစ္စည်းပို့တာ စသည်ဖြင့် အကုန်လုံးမှာ အသက်ရှင်ဖို့အထောက်အပံ့ပေးနိုင်ခြင်းဆိုတဲ့ တန်ဖိုးရှိပါတယ်။ ခုလို အခက်အခဲကာလမျိုးမှာ အသက်မွေးဝမ်းကျောင်းပညာရေးဟာ ကျန်ပညာရေးများထက် ပိုပြီးလက်တွေ့ဆန်နေတာ၊ လုပ်လို့ရနေတာကို တွေ့ရနိုင်ပါတယ်။ အဲ့တာကြောင့် အသက်မွေးဝမ်းကျောင်း ပညာရေးကို အထင်မသေးပါနဲ့။ တတ်အောင်သင်ပါ။
ပြန်ပြီးချုပ်ရရင် စိုက်ပျိုးရေး ကန်သင်းပေါက်တာကစ ဘယ်မျိုးစေ့ ဘယ်အချိန်စိုက်၊ ဘယ်လောက်ထွက်နိုင်၊ နှစ်သီး သုံးသီး စိုက်လို့ရအောင် လုပ်တဲ့နည်းတွေကို ထုံးလိုမွှေ၊ ရေလိုနှောက်အောင်လေ့လာပါ။ မွေးမြူရေးဆိုရင်လည်း မျိုးစပ်နည်း၊ အသားတိုးအောင် မွေးနည်း၊ ပိုးမွှားကင်းအောင် ထားနည်း၊ တိရိစ္ဆာန်သုံး အခြေခံဆေးဝါး၊ လုပ်ထုံးလုပ်နည်းတွေကို လေ့လာပါ၊ တတ်အောင်လုပ်ပါ။ အခွင့်အခါရရင် စိတ်ဝင်စားတဲ့ အလုပ်ကို တစ်ဖက်က အသက်မွေးဝမ်းေကျာင်းလုပ်ရင်း ကူးပါ။ ဒုက္ခကိုစောင့်နေတာထက် လက်တွေ့ကျကျ ဖြေရှင်းကြပါ ညီလေး၊ ညီမလေးတို့ရေ။
မူရင်း -
https://www.facebook.com/100040865737209/posts/591099842262202/
Comments
Post a Comment